ခေတ်သစ်စာရေးဆရာများ
ဟိုးရှေးယခင်က စာကို ပေစာ ပရပိုက်စာ စသည်တို့ဖြင့် ရေး၏။ နောက်တော့ စာရွက်ပေါ်တွင် ရေး၏။ နောက်တော့ ကွန်ပျူတာပေါ်တွင်ရေး၏။ ယခင်က စာအုပ်တို့ကို ပုံနှိပ်ကာ ဖြန့်ဝေ၏။ ယခုအခါ အင်တာနက်မှ စာမျက်နှာများ၊ ဘလော့များဖြင့်ဖြန့်ဝေ၏။ စာရွက်တွင်စာရေးပြီး မိမိရေးသားသည်ကို သူတပါးအား ဖတ်ရှုစေသောသူကို စာရေးဆရာဟု ခေါ်၏၊ မိမိရေးသားထားသည်ကို အင်တာနက်မှတဆင့် ဘလော့ဂ်များတို့ တင်ကာ သူတပါးအား ဖတ်စေသောသူကို ဘလော့ဂါဟုခေါ်၏။ စာရေးဆရာနှင့် ဘလော့ဂါတို့သည် အလုပ်ချင်းတူကြသည်။
သို့သော် တူမလိုလိုနှင့် ကွဲပြားခြားနားမှုများကလည်း ရှိလေသည်။ စာရေးဆရာသည် စာပေများ၊ ဆောင်းပါးများကို ရေးသားသည်။ ထိုသို့ရေးသားခြင်းဖြင့် စာမူခရသည်။ ဘလော့ဂါသည် ဘလော့တွင် စာပေများကို ရေးသား၏၊ ရေးသားသဖြင့် စာမူခမရပေ။ ခြွင်းချက်အားဖြင့် ဘလော့ဂ်တွင် ကြော်ငြာထဲ့ခြင်း၊ ပွဲစားလုပ်ခြင်း စသဖြင့် စီးပွားရှာလို့တော့ရနိုင်ပါ၏။ သို့သော် သေချာသည်မှာ ဘလော့ဂါတယောက်သည် ဘလော့ဂ်တွင် စာရေးသဖြင့် စာမူခ မရပေ။ စာမူခ မရသည့်အပြင် မိမိအိပ်ကပါ ကွန်ပျူတာဖိုး၊ မီးဖိုး၊ စသဖြင့် ကျခံရပေသေးသည်။ စာရေးဆရာ အတော်များများမှာ စာရေးချင်းဖြင့် အသက်မွေးကြသော်လည်း ဘလော့ဂါများမှာမူ စာရေးသောကြောင့် ပိုက်စံမရချေ။ သူတို့တွင် တခြား အလုပ်အကိုင်များ ရှိတတ်သည်က များလေသည်။ ခြွင်းချက်အနေဖြင့် သတင်းရေးသော ဘလော့ဂါများမှာမူ ဘလော့ဂ်ရေးခြင်းဖြင့် ပိုက်စံရကြသည် ရှိနိုင်လေသည်။ ထိုကဲ့သို့သော ဘလော့ဂါများတွင် မြန်မာဘလော့ဂါများကတော့ လက်ချိုးရေလို့ ရနိုင်မည် ထင်သည်။ ထို အချက်ကြောင့်လည်း စာရေးဆရာများ ရေးသားသောစာများသည် ပိုမိုပြောင်မြောက်ကောင်းမွန်သော စာများဖြစ်ကြသည်ဟု ကျွန်တော် အယူရှိသည်။ ခြွင်းချက်အနေဖြင့် မိမိဝမ်းရေးကို စွန့်လွှတ်အနစ်နာခံရေးသော စာရေးဆရာများ များစွာရှိလေသည်။ ထို့အပြင် စာဖတ်သူအပေါ်ကို စေတနာထက်သန်စွာရေးသော စာရေးဆရာတို့လဲ များစွာရှိလေသည်။
အမှန်အားဖြင့် ဆိုရပါမူ ဘလော့ဂ်ဟူသည်မှာ အင်တာနက်တွင် အလွယ်တကူ လုပ်ယူ၍ရ၏။ လူတိုင်း ဘလော့ဂ်ရေးနိုင်၏။ ယခုအခါ social website အတော်များများတွင် ကိုယ်ပိုင်ဘလော့ဂ်တခုကို အလွယ်တကူ တည်ဆောက်ရေးသားနိုင်လေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာပြည်သည် အင်တာနက်ကို အတော်နောက်ကျပြီးမှ လူအများ အသုံးပြုနိုင်ခဲ့ကြသည်။ သို့အတွက်ကြောင့် ဘလော့ဂ်များနှင့် ရင်းနှီးမှုတွင် မြန်မာများ အတော်နောက်ကောက်ကျသည်ဟု ဆိုက လွန်မည်မထင်ချေ။ အထူးသဖြင့် မြန်မာဘာသာ ဘလော့ဂ်တခုလုပ်ရန်အတွက် လွယ်လွယ်ကူကူ လုပ်၍မရချေ။ English ဘလော့ဂ်တခု လုပ်ရန်ကား လွယ်၏။ ဘလော့ဂ် ဝန်ဆောင်မှုပေးသော ဝက်ဆိုဒ်များတွင် အသင်းဝင်လိုက်ရုံဖြင့် ကိုယ့်အတွက် English ဘာသာ ဘလော့ဂ်တခု ချက်ချင်းရလေ၏။ မြန်မာဘာသာ ဘလော့ဂ်လုပ်ရန်ကား နည်းပညာပိုင်းဆိုင်ရာတွင် အနည်းငယ် ပြင်ဆင်မှုလုပ်မှ ရလေ၏။ ထို့ကြောင့်လည်း မြန်မာဘာသာ ဘလော့ဂ်ပိုင်ဆိုင်သူများမှာ အများသူငှာထက် နှာတဖျားသာ သကဲ့သို့ ဖြစ်နေလေသည်။
မြန်မာဘလော့ဂါတို့တွင် လူတန်းစား (၃)မျိုးရှိသည်။ ပထမ လူတန်းစားမှာ တကယ်စာရေးချင်သောကြောင့် ရေးသော လူတန်းစားဖြစ်၏။ ထိုသူတို့သည် များသောအားဖြင့် စေတနာကောင်းကြ၏။ အသိပညာဝေငှမှုတွင် ရက်ရောကြ၏။ များသောအားဖြင့် အကျိုးအမြတ်ဟူ၍ မယ်မယ်ရရမရှိကြ။ ပီတိကိုစား အားရှိကြလေသည်။ အပေးများပြီး အယူနည်းသူတို့ဖြစ်ကြလေသည်။ ဒုတိယ လူတန်းစားမှာ ပေးလဲပေး ယူလဲယူသူတို့ဖြစ်ကြသည်။ ထိုသူတို့သည် မိမိတတ်နိုင်သလောက် မိမိဘလော့ဂ်တွင် ဘလော့ဂ်ဖတ်သူတို့အား အကျိုးရှိစေမည့် အရာများကိုရေးသားတတ်သော်လည်း ယင်းဘလော့ဂ်ဖြင့် အကျိုးအမြတ်တစုံတခု ကို မှျော်ကိုးလေသည်။ တတိယဘလော့ဂါမျိုးမှာ သူများ မြန်မာဘလော့လုပ်တာကို အားကျပြီး မိမိလဲ ဘလော့ဂ် တခု စမ်းသပ်လုပ်ခြင်းဖြစ်သည်။ ထိုသူတို့သည် ဘလော့ဂ်ကို စမ်းသပ်ရေးသားကြည့်ကြသည်။ နည်းပညာအားဖြင့်ရေးတတ်သွားသော အခါ ဆက်မရေးတော့ပေ။ ထိုသူတို့၏ ဘလော့ဂ်တွင် ရေးသားချက်များမှာ အဆင့်မမှီသောစာများ စေတနာမပါသော စာများ၊ တပါးသူရေးထားသောစာများကို ကူးယူထားသောစာများ ဖြစ်နေသည်က များလေသည်။
မြန်မာဘလော့ဂ်ခေတ်ဦးတွင် ထင်ရှားသူများမှာ ကိုအာလူး၊ ကိုမြတ်သူရ စသူတို့ဖြစ်၏။ ၎တို့သည် မြန်မာဘာသာဖြင့်မရေးကြသေးချေ။ အင္ဂလိပ်ဘာသာဖြင့်သာရေးသား ကြ၏။ နောက်ပိုင်းတွင် ကိုညီလင်းဆက်စသော ဘလော့ဂ်ရေးသားသူများက မြန်မာဘာသာဖြင့် ဘလော့ဂ်လုပ်နည်းကို နည်းပညာမထိန်ချန်ပဲ ၎တို့သိသမျှ ဖြန့်ဝေပေးသဖြင့် မြန်မာဘလော့ဂ်များ မြောက်များစွာ ပေါ်ထွန်းလာလေတော့သည်။
ယခုဆောင်းပါးကို ရေးချိန်အထိ မြန်မာဘလော့ဂ်များ၏ ၉၀% ကျော်မှာ ဇော်ဂျီဖောင့်ဖြင့်သုံးထားကြလေသည်။ ၉၉% ဟု ဆိုလျှင်ပင် လွန်အံ့မထင်ချေ။ ဇော်ဂျီဖောင့် ဘလော့ဂ်လောကတွင် တွင်ကျယ်လာရခြင်း အကြောင်းကိုဆိုရပါမူ… ၎င်းဖောင့်၏ လှပသပ်ရပ်မှု သုံးစွဲရလွယ်ကူမှု ယူနီကုဒ်တမျိုးဖြစ်သဖြင့် အင်တာနက်စာမျက်နှာတွင် စာလုံးများ ပြန့်ကားထွက်နေတတ်သော ASCII ဖောင့် (ဥပမာ… ဝင်းအင်းဝဖောင့်) ကဲ့သို့ ပြဿနာမရှိမှု၊ ထင်ရှားသော ဘလော့ဂါများမှ အသုံးပြုမှု၊ မြန်မာပြည် အင်တာနက် ခေတ်ဦးတွင် နာမည်ကြီးဝက်ဆိုဒ်ဖြစ်သော ပလန်းနက်ဝက်ဆိုဒ်တွင် ဇော်ဂျီဖောင့်ကို သုံးစွဲမှု၊ ဇော်ဂျီဖြင့် ဘလော့ဂ်လုပ်ရန်အတွက် လမ်းညွှန်ဆောင်းပါးများ အင်တာနက်တွင် အလွယ်တကူဖတ်ရှုနိုင်မှု၊ ဇော်ဂျီဖောင့်ကို ငွေကြေးပေးဝယ်စရာမလိုပဲ အလကားရမှု၊ ဇော်ဂျီဖောင့်ကို လုပ်ပေးသည့် ပုဂ္ဂိုလ်များက စဉ်ဆက်မပျက် update လုပ်ပေးမှု၊ Myanmar Gtalk Addin ကဲ့သို့သော မြန်မာပြည်တွင် ထင်ရှားသည့် Chatting software တခုဖြစ်သော Google Talk တွင် မြန်မာလို ရိုက်နိုင်ရန်အတွက် ပရိုဂရမ်များ ဆက်လက်ထွက်ရှိလာမှု၊ အင်တာနက်ဆိုင်များတွင် ဇော်ဂျီကို အဆင်သင့် သွင်းပေးပြီးဖြစ်သည်က များမှု စသည့် အချက်များ ကြောင့် ဇော်ဂျီဖောင့်မှာ သွက်လက်စွာ တွင်ကျယ်လာခဲ့၏။
သို့ရာတွင် ထိုမျှတွင်ကျယ်နေခဲ့သော ဖောင့်တွင် လိုအပ်ချက်များရှိနေဆဲ ဖြစ်သည်။ အမှန်အားဖြင့်ဆိုရလျှင် ဇော်ဂျီသည် ပြီးပြည့်စုံသည့် ဖောင့် မဟုတ်ချေ။ မြန်မာယူနီကုဒ်စံကို အပြည့်အဝလိုက်နာခြင်း မရှိသော ဖောင့်ဖြစ်လေသည်။ ကျွန်တော်သည် ဟိုတလောက ဇော်ဂျီဖောင့်ကို ပုတ်ခတ်ထားသော စာများကို ဖတ်ရှုခဲ့ရ၏။ ထိုဆောင်းပါးများအရ ဇော်ဂျီဖောင့်ကို ထုတ်လုပ်ဖြန့်ဖြူးသူများကို အပြစ်တင်ထားသည်ကို တေွ့ရလေ၏။ ထိုစာကို ရေးသားသူ၏ အလိုအရ ဇော်ဂျီကို ထုတ်လုပ်သူများသည် စျေးကွက်တွင် မြန်မြန်တွင်ကျယ်သွားစေမည့် နည်းကို ဦးစားပေးသုံးခဲ့သဖြင့်သာ ကျယ်ပြန့်သွားခဲ့ရခြင်းဖြစ်ကြောင်း၊ ဇော်ဂျီသည် ယူနီကုဒ်စံ၊ မြန်မာစာစံ မဖြစ်သင့်ကြောင်း၊ ယူနီကုဒ်စံကို အတိအကျလိုက်နာပြီး မြန်မာစာရေးထုံးကို အတိအကျလိုက်နာကာ တိုင်းရင်းသား ဘာသာများကိုပါ အလေးထားသည့် မြန်မာ ၃ ဖောင့် ကို သာလူတိုင်း သုံးသင့်ကြောင်း ရေးသားထားလေသည်။ ထိုသို့ရေးသားထားသော်လည်း ထိုသူ၏ ဘလော့ဂ်ကို ကြည့်မိသောအခါ ဇော်ဂျီဖြင့်သာ ရေးသားထားသည်ကို တွေ့ရလေသည်။
ကျွန်တော့အမြင်အရဆိုမှု ဇော်ဂျီကို ပြုလုပ်ခဲ့ကြသူများတွင် အပြစ်မရှိချေ။ ဇော်ဂျီကို ပြုလုပ်ခဲ့သူများကို အပြစ်တင်မည်ဆိုလျှင် ဝင်းဖောင့်၊ စီအီးဖောင့်၊ ဂန်ဓမာဖောင့် စသည့် ဖောင့်များကို ပြုလုပ်သူများကို ပါ အပြစ်တင်ရချိမ့်မည်။ ဇော်ဂျီကို ထုတ်ခဲ့စဉျက ကျွန်တော် မှတ်သားမိသလောက်ဆိုလျှင် ယူနီကုဒ်စံဟူ၍ ထွက်ရှိစပြုနေသော်လဲ မတွင်ကျယ်သေးချေ။ နောက်မှ မြန်မာ ၁ ထွက်လာ၏။ မည်သို့ပင် ဖြစ်စေ မြန်မာယူနီကုဒ်စံသည် ငွေအလုံးအရင်းဖြင့် အားပေးထောက်ပံ့ကာ လုပ်ဆောင်နိုင်စွမ်းမရှိမှု၊ ငွေကြေးလုံလုံလောက်လောက် မရမှုတို့ကိုသာ အပြစ်တင်ဖွယ်ရှိ၏။ မြန်မာယူနီကုဒ်စံကို တကယ်တွင်ကျယ်စေချင် တာမှန်ပါက မြန်မာယူနီကုဒ်စံကို သုံးသော ဝက်ဆိုဒ်ကောင်းများကို ကြိုးစား တည်ဆောက်ပေးသင့်၏။ ဒီအတိုင်း အပုပ်ချနေရုံဖြင့်တော့ ဘာမှ ဖြစ်လာမည်မထင်ချေ။ (မှတ်ချက်။ ကျွန်တော်သည် ဇော်ဂျီဖောင့်ကို ထုတ်လုပ်သူများနှင့် တခါမျှ ထိတွေ့ဆက်ဆံဖူးခြင်း မရှိပါ။ ကျွန်တော့အမြင်ကို ရေးခြင်းဖြစ်သည်)
အမှန်မှာ မြန်မာယူနီကုဒ်စံကို သုံးသော ဝက်ဆိုဒ်များလဲ တစစတွေ့နေရပါ၏။ ဥပမာအားဖြင့်… မြန်မာဝီကီဖြစ်လေသည်။ မြန်မာယူနီကုဒ်ကို ဆက်လက်တိုးတက်အောင် ကြိုးစားနေကြသော လူတချို့လဲ ရှိနေကြသည်ဟု ကြားသိနေရပါသည်။ ထို့အတွက် အားတက်မိပါ၏။ မြန်မာယူနီကုဒ်စံဖြင့် သုံးပါက အကျိုးရှိမှုလဲ များစွာရှိသည်။ ဥပမာ… ဇော်ဂျီထက်ပို၍ ရှာဖွေရလွယ်ကူခြင်းပင် ဖြစ်လေသည်။ ၎င်းအချက်ကို ဇော်ဂျီယူနီကုဒ်သုံးသော မြန်မာဝီကီပိဒိယနှင့် မြန်မာယူနီကုဒ်စံကို သုံးသော မြန်မာဝီကီပိဒိယတွင် ထင်ရှားစွာ တွေ့မြင်နိုင်လေသည်။ မည်သို့ပင်ဆိုစေ ဇော်ဂျီ၏လူသုံးများမှုကို မြန်မာယူနီကုဒ်စံများက မကျော်လွှားနိုင်သေးကြောင်း ၎င်းဆိုဒ် ၂ ခုတွင် ထင်ရှားစွာ မြင်တွေ့ရသည်။ ဇော်ဂျီဖြင့်သုံးသော ဝီကီပိဒိယဆိုဒ်တွင် ရေးသားသူများ ပိုမိုများပြား သည်ကို သိသာစွာ တွေ့မြင်နိုင်သည်။
(ဆက်ပါဦးမည်)






-738265.jpg)
